Search This Blog

Sunday, May 6, 2012

မြန်မာပြည်နှင့် အင်တာနက်

လက်ရှိ မြန်မာပြည်မှာ တန်ဖိုးနည်း SIM card တွေ ထုတ်ပေးလိုက်တာကြောင့် ဆက်သွယ်ရေး မှာ အရင်လို မဟုတ်ဘဲ အနည်းငယ် တိုးတက်ပြောင်းလှဲလာခဲ့ပါပြီ။ ဒါပေမယ့် အင်တာနက် ဆိုတဲ့ ကွန်ရက်ကိုတော့ လူတန်းစား ပေါင်းဆုံဆိုတဲ့ စီမံချက်မဖြစ်ခဲ့သေးပါဘူး။ဒီလိုဖြစ်လာမှ သာ နေ့စဉ်ကျင်လည်နေရတဲ့ ဘ၀တွေ အဆင်ပြေလာမှာပါ။ ခေတ်ရဲ့လိုအပ်ချက်ကို ဖြည့်ပေးဖို့က အစိုးရမှာ တာဝန်ရှိပါတယ်။ များမကြာခင်မှာ ချပေးတော့မယ်လို့လည်း ပြောနေပါတယ်။ လက်ရှိကြားနေရတဲ့ သတင်းတွေကတော့ GSM တွေ မှာ အရင်လို အင်တာနက်ပြန်အသုံးပြုလို့ရတော့မယ်။ အသုံးပြုခအနေနဲ့ တစ်မိနစ် လေးကျပ်နှုန်း၊ ကနဦးတပ်ဆင်ခ တစ်သောင်းကျပ် လို့ပြောနေပါတယ။် တစ်မိနစ်လေးကျပ်ဆိုတော့ တစ်နာရီကို နှစ်ရာနဲ့လေးဆယ်ကျပါမယ်။ အလုပ်ချိန် ဆယ်နာရီဆိုရင် တစ်ရက်ကို အနည်းဆုံး နှစ်ထောင်လောက်တော့ ကျပါမယ်။ သာမန်လုပ်သားပြည်သူတွေ အတွက်ကတော့ တစ်ရက်ကို နှစ်ထောင် အကုန်ကျ ခံနိုင်ဖို့ ဆိုတာ မလွယ်တဲ့ အလုပ်ပါ။ လုပ်ငန်းရှင်ကြီးတွေ အတွက်ပဲ အဆင်ပြေနိုင်လောက်ပါတယ်။ လုပ်ငန်းသေးစားလေးတွေ တစ်ပိုင်တစ်နိုင်လုပ်နေတဲ့ နည်းပညာသမားတွေ အတွက်ကတော့ အဆင်မပြေနိုင်သေးပါဘူး။ တတ်နိုင်လို့ ၀ယ်သုံးမယ်ဆိုရင်တောင် တစ်နေကုန် အလုပ်ချိန်ပြည့်တော့ ဖွင့်မသုံးနိုင်လောက်ပါဘူး။ ဒီတော့ အရင်လို မရှိနေတာနဲ့ တူတူဖြစ်နေမယ်ထင်ပါတယ်။ လိုမှဖွင့်သုံးရမလိုမျိုးပဲ ဖြစ်နေပါမယ်။ ဒါကြောင့် မရှိတာနဲ့ တူတူပဲလို့ပြောတာပါ။ အခြား နိုင်ငံကြီးတွေနဲ့ နှိုင်းယှဉ်နေလို့တော့ ဘယ်ရမလည်း လို့ ပြောကြမှာပါ။ ဟုတ်ပါတယ်။ တိုးတက်နေတဲ့ နိုင်ငံကြီးတွေနဲ့ ယှဉ်လို့တော့ ဘယ်လိုမှ မရသေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အားလုံးရဲ့ ရည်မှန်းချက်ကလည်း တိုးတက်နေတဲ့ နိုင်ငံတွေနဲ့ ရင်ဘောင်တန်းနိုင်ဖို့ပါပဲ။  အချိန်နဲ့ တစ်ပြေးညီ အင်တာနက်ကို အသုံးပြုပြီး အချိန်နဲ့ တပြေးညီ တိုးတက်နေမှသာ ဖွံ့ဖြိုးမှု ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် နည်းပညာကို မြတ်နိုးသူတိုင်း အင်တာနက်ကော်နက်ရှင်နေရာတိုင်းမှာ ရရှိရေး၊ အကုန်ကျသက်သာအောင် ကြိုးပမ်းရေး ဆိုပြီး ၀ိုင်းဝမ်းကြိုးပမ်းသင့်ပါပြီ။